မရမ်းကုန်း စက်တင်ဘာ ၅
လူငယ်များ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျစေရန်အတွက်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် အသိပညာပေးစာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ပါ၀င်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဦးစီးအရာရှိ ဦးရဲနောင်ချစ်က စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမြေလတ်ထင်ကျော်မိုးက ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အကြောင်းအရာများကိုလည်းကောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမင်းကိုကိုဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲ၀င်ကျောင်းသား၊ ကျောင်းသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဆေးလိပ်ဆေးရွက်ကြီးနှင့်ပတ်သက်သည့် အသိပညာပေးပိုစတာများအား ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်