ပုဇွန်တောင် စက်တင်ဘာ ၅
ကျောင်းသား/ကျောင်းသူများအား စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒုတိယဌာနမှူး ဒေါက်တာခင်နှင်းအေးမှ စွန့်ပစ်အမှိုက်ဆိုင်ရာ အမူအကျင့်ကောင်းများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းဟောပြောခဲ့ကာ ကျောင်းသား/ကျောင်းသူများအား ပြန်လည်မေးမြန်း၍ ဖြေဆိုနိုင်သူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးလက်စွဲစာစောင်နှင့် လက်ကမ်းစာစောင်များ အသိပညာပေး ဖြန့်ဝေခဲ့သည်။
ထို့နောက် ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်နှင့်အမှိုက်အိတ်များကို တာဝန်ရှိသူများမှပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထားနွယ်မှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရပြီး အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမင်းဇော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်း၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာမများ၊ အမှတ် (၁)၊ အမှတ် (၃) နှင့်အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်