နေပြည်တော် စက်တင်ဘာ ၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နှင်းဆီလမ်း၊ ပြည်လမ်း၊ ပြည်(၁)လမ်း၊ ခတ္တာလမ်း၊ ခတ္တာ (၁) လမ်း၊ အောင်ပန်းလမ်းနှင့် တောင်ကြီးလမ်းတို့တွင် အဓိကရေထုတ်မြောင်းနှင့် လမ်းဘေးရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားနှင့် စက်ယန္တရားများအသုံးပြု၍ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက ရေမြောင်းများအတွင်း အမှိုက်နှင့် သဲနုန်းများမရှိစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ ရေမြောင်းပတ်ဝန်းကျင်တွင် မြက်ချုံနှင့် သစ်ကိုင်များ၊ အမှိုက်များမရှိစေရေး စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ ကားလမ်းနှင့် လမ်းဘေးဝဲယာများတွင် ရေတင်ရေဝပ်ခြင်းများ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိရန်တို့ကို မှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်ကျောင်းသား/ကျောင်းသူလူငယ်များကို အသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံကာ တိုင်းပြည်၏ အားထားရသည့် နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီးကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူငယ်များသည် တိုင်းပြည်၏ အဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နောင်တချိန်အားကိုးအားထားရမည့် အနာဂတ်၏ အသီးအပွင့်များဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်ရှိနိုင်ငံအတွင်းမှာရှိသည့်လူငယ်များကို လစ်လှူရှုလို့မရပဲလူငယ်များကို အရည်အချင်း ပြည့်ဝပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ချင်းစာစိတ်ရှိကာ အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ ဗဟုသုတပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူတွေအနေဖြင့် ပညာပြည့်ဝပြီး အရည်အချင်းရှိသည့် လူငယ်များဖြစ်ရန်အတွက် ကျောင်းပညာကို ထူးချွန်ထက်မြက်အောင် သင်ကြားဖို့လိုသလို နိုင်ငံတကာနှင့်ပတ်သက်သည့် အထွေထွေဗဟုသုတတွေ၊ အင်္ဂလိပ်စာ အပါအဝင် နိုင်ငံတကာဘာသာစကားတွေ ခေတ်မှီတိုးတက်လာတဲ့ IT နည်းပညာအပါအဝင် အခြားသောနည်းပညာများကို မျက်ခြေမပြတ် ဆည်းပူးလေ့လာတတ်ကျွမ်းအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်များသည် တိုင်းပြည်၏အနာဂတ်တာဝန်များကို ထမ်းဆောင်ရမည့်သူများဖြစ်သည့်အတွက် လူငယ်များကို ပြုစုပျိုးထောင်ပေးနေခြင်းဟာ တိုင်းပြည်၏ အနာဂတ်အတွက် အကောင်းဆုံးဖန်တီးပုံဖော်နေခြင်း ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်၏စေတနာနှင့် မျှော်မှန်းချက်များကို ဦးနှောက်၊ နှလုံးသားနှင့်အတူ ခံယူပြီး မိမိအကျိုး၊ အများအကျိုးကိုထမ်းပိုး ဆောင်ရွက်ရန် အသင့်ရှိနေပြီဟုလည်း ယုံကြည်ကြောင်း၊ လူငယ်များအနေဖြင့် ပညာကိုအခြေခံပြီး လက်တွေ့နယ်ပယ်မှာ မိမိပညာကို အသုံးချဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ အတွေ့အကြုံများရယူပြီး ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတည်ဆောက်ရန်၊ တာဝန်သိမှု တာဝန်ခံမှုဖြင့် လူငယ်များအားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ အနာဂတ် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းရွက်ကြမည့် လူငယ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ငယ်စဉ်လူငယ်ဘဝကတည်းက လူချွန်လူမွန်များဖြစ်အောင် ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ရမည့်တာဝန်ရှိကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအား ဟောပြောဆွေးနွေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) နှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးတို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူမှ လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ၊ Community centre ခန်းမတွင် ဝါစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒါအပြင် အမျိုးသားရေးတာဝန်(၂)ရပ်ဖြစ်တဲ့ စားရေးရိက္ခာဖူလုံရေးနှင့် သာယာဝပြောရေးကို အစဉ်တစ်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါသီးနှံသည် အဝတ်အထည်ယက်လုပ်ရန် ချည်မျှင်ကိုသာမက ဝါစေ့ကို ကြိတ်ခြင်းဖြင့် စားသုံးဆီရရှိစေသည့်အပြင် ဝါစေ့ကြိတ်ဖတ်သည်လည်း တိရိစ္ဆာန်အစာ၊ သဘာဝမြေဩဇာတို့အဖြစ် အသုံးပြု၍ရပါသဖြင့် လူသားတို့၏ စားရေး၊ ဝတ်ရေးအတွက် အဓိကအထောက်အကူဖြစ်သည့် အရေးကြီးသီးနှံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဝတ်ရေးလိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ် ချည်ခင် တန်ချိန် (၂၀၀၀၀)ခန့် တင်သွင်းနေရပါသဖြင့် ဝါတစ်ဧက ပန်းတိုင်အထွက်နှုန်း ပိဿာ(၇၀၀) ထွက်ရှိရေးကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ပြည်ပမှတင်သွင်းနေမှု ကို လျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ဧက တိုးတက်ရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး အဆင့်အတန်းပြည့်မီသည့် ဝါဂွမ်းနှင့် ချည်မျှင်များရရှိရေးတို့အတွက် ဝါစိုက်သည်မှစတင်၍ ဝါကြိတ်ခွဲ ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်ခုလုံး (Supply Chan) တစ်လျောက်လုံးတွင် ပါဝင်သူများဖြစ်ကြသည့် တောင်သူ၊ လုပ်သား၊ ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင်များအားလုံးနှင့် ရောင်းဝယ်ဖောက်ကားသူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မျိုးအနေဖြင့် အထွက်ကောင်းပြီး ချည်မျှင်ရှည်သည့် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၆ တို့ကဲ့သို့ ပြည်တွင်းဝါမျိုးများကိုလည်းကောင်း၊ နိုင်ငံခြားဝါမျိုးဖြစ်သည့် RAKA-666 (F1 ပထမသားဆက် ) ကဲ့သို့ စပ်မျိုးများကိုလည်းကောင်း စိုက်ပျိုးဆောင်ရွက်သင့်ပါကြောင်း၊ စပ်မျိုး(F2- ဒုတိယသားဆက်) များကို မစိုက်ပျိုးရန်အထူးသတိထားဆောင်ရွက်သင့်သည်ကို တွေ့ရှိရပါကြောင်း၊ မြေပြုပြင်ရာတွင် အပင်ကောင်းစွာကြီးထွားရန်အတွက် ထယ်ရေးနက်နက်ညက်ညက် မြေပြုပြင်ခြင်း၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများကို မြေခံနှင့် စိုက်ပြီးချိန်တွင် သတ်မှတ်ထားသည့် နှုန်းထား
အတိုင်း ပြည့်ဝထည့်သွင်းရန် လိုအပ်ကြောင်း၊ ဝါသီးနှံသည် အရည်အသွေးကောင်းရရှိရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရန် မစိုက်ခင် လုံလောက်သည့်အစိုဓာတ်ရရှိရန် လိုအပ်သကဲ့သို့ စိုက်ပျိုးပြီးအချိန်တွင်လည်း သက်တမ်းအလိုက် လိုအပ်သည့်ရေကို ပေးသွင်းနိုင်မှသာ အရည်အသွေးကောင်းပြီး မျှော်မှန်းအထွက်နှုန်းကိုရရှိနိုင်မည်ဖြစ်ပါသဖြင့် ရေရရှိရေးနည်းလမ်းကိုလည်း ဖြစ်နိုင်သမျှ တီထွင်ကြံဆပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရာတွင် နည်းပညာအရ မဖြစ်မနေဆောင်ရွက်ရမည့် မျိုးကောင်း၊ မျိုးသန့်သုံးစွဲခြင်း၊ သဘာ၀မြေဩဇာ၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းအပြင် တစ်ဧက အပင်ဦးရေပြည့်မီအောင်ဆောင်ရွက် ခြင်း၊ အချိန်မီသားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ ရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ စနစ်တကျ ဝါကောက်သိမ်းခြင်းတို့ကိုလည်း ဂရုစိုက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တပ်ကုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်က ၂၀၂၄-၂၀၂၅ ခုနှစ် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါသီးနှံ အထူးဇုန် စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ဝါသီးနှံသမိုင်းကြောင်း၊ ၂၀၂၃-၂၀၂၄ခုနှစ်၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးထားရှိမှုအခြေအနေများ၊ သမဝါယမ ကဏ္ဍမှ ဝါစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါလျာထားချက်ပြည့်မီရန် ကျန်ရှိသည့် ဧကအပေါ် အခက်အခဲများနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝါမျိုးစေ့ထုတ်စိုက်ပျိုးသော တောင်သူများအား ရွက်ဖျက်အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ဝါဝယ်ယူသည့်ပွဲစားနှင့် အဝယ်ဒိုင်များ၊ ဝါကြိတ်စက်ရုံများအနေဖြင့် အဓိကဆောင်ရွက်ရမည့်အချက်ဖြစ်သည့် ဝါရဲ့အဆင့် (Grade) ခွဲ၍ ဝယ်ယူရောင်းချခြင်းများကို ဆောင်ရွက်ရန်အတွက် အလေးထားမှာကြားလိုကြောင်း၊ ဝါအဆင့် (Grade) ခွဲဝယ်ယူခြင်းလုပ်ငန်းကိုလည်း အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အေးချမ်းသာစံပြကျေးရွာရှိ စက်ရက်ကန်း အလုပ်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက စက်ရက်ကန်းလက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၀၂၁၊ တောင်သူ ဦးဇော်ဦး၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါအထူးဇုန်စိုက်ခင်းအား ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများက မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါအထူးဇုန်စိုက်ခင်း အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့၊ သီတာအေးကျောင်းတိုက်၌ အေးချမ်းသာစံပြအုပ်စုအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ပြီး အဆိုပါကျောင်းတိုက်များမှ ဝါဆိုဝါပတ်ကြမည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)