တာချီလိတ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး(ဖလား) အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက တာချီလိတ် မြို့မအားကစားကွင်းတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက လာရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံမှ အားကစားသမားများနှင့်ဘင်ခရာတပ်ဖွဲ့တို့က ကွင်းအတွင်းနေရာယူကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းသားအားစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်၍ ကာယစွမ်းရည်၊ ဉာဏစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့်အားကစားအပေါ် ချစ်မြတ်နိုးသည့်အလေ့အကျင့်များရရှိကာ အခြေခံပညာကျောင်းအဆင့်မှ နိုင်ငံတော်၏ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်သည့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် ရှမ်းရှေ့တန်ဆောင်နှင့် အ.ထ.က(ဆန်ဆိုင်း) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ စသည့်အားကစားနည်း ၅ မျိုးဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းပေါင်း ၂၁ ကျောင်းမှ အားကစားသမား စုစုပေါင်းအင်အား ၈၇၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)