သထုံ စက်တင်ဘာ ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က နောင်ကုလားရှမ်းရွာရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး (၂) ဦးဟန်ဝင်းထွဋ်၊ အမှတ် (၇၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (သထုံ) မှ ဒုရဲအုပ် ဖြိုးသူခိုင်တို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် ကျောင်းသူ၊ ကျောင်းသားများသိသင့်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ရှောင်ရန်အချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် နောင်ကုလားရှမ်းရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်တင်တင်ထွေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)