ကလော စက်တင်ဘာ ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာရှိ ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးအတွက် သင်တန်းဆင်းပြီး သင်ယူထားတဲ့ အတက်ပညာများဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ကြစေလိုကြောင်း၊ မိမိဒေသမှ စိုက်ပျိုးရေးကထွက်ရှိတဲ့ သီးနှံများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကြစေလို့ကြောင်း၊ စိုက်ပျိုးရေးအခြေခံ ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ဒေသအတွင်းစားရေးရိက္ခာဖူလုံခြင်းနဲ့ သွင်းကုန်အစားထိုးခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များ အားပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်တွေကတော့ Butter Cake ကွတ်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Cake သီးစုံကိတ်၊ ကိတ်ခြောက်စတဲ့ မုန့်အမျိုးမျိုးနဲ့ အာလူးကြော်၊ ငှက်ပျောကြော်၊ စာကလေးခွေ၊ ပဲပွကြော် ထုတ်လုပ်နည်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့မှ စက်တင်ဘာလ (၃) ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၁၀) ဦးဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း၊ ကလောမြို့နယ်၊ ဇောတိကျေးရွာမှာ ဖွင့်လှစ်တဲ့ Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများ အနေဖြင့် နည်းပညာများ ရရှိကာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်မှာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)