အင်းစိန်မြို့နယ်၌ နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးအထူးစီမံချက် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြား

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးအထူးစီမံချက် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီ မိနစ်(၃၀)က ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲထွန်းဝင်းက ပြည်တွင်းတွင် နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီး နို့စားနွားမျိုးများပိုမိုမွေးမြူနိုင်ရန်အတွက် အထူးစီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းအနေဖြင့် နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်သော ဒေသဖြစ်ပြီး စီမံချက်တွင် ဦးစားပေးတိုင်းဒေသကြီးအဖြစ် သတ်မှတ်ထားသဖြင့် (၃)နှစ်တာကာလအတွင်း နို့ထွက်နှုန်းကောင်းသည့် နို့စားနွားကောင်ရေတိုးပွားလာစေရန်နှင့် သတ်မှတ်ထားသော ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် မေထုန်မဲ့သားစပ်နည်းဖြင့် မျိုးမြှင့်တင်ရေးကို စနစ်တကျကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)