မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မက်မန်း စက်တင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က “Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များတင်ပြရန်၊ စည်းကမ်းတကျ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် စည်ပင်သာယာရေးဌာနမှ ကြပ်မတ်ဆောင်ရွက်ရန်၊ ၂၀၂၄-၂၀၂၅ စီမံကိန်းနှစ်တွင် စိုက်ပျိုးရေးခြံမှ ဖြန့်ဝေပေးမည့် ပျိုးပင်အရေအတွက်နှင့် ကျေးရွာအလိုက်တောင်သူ ဦးရေစာရင်းများကို ပြုစုတင်ပြရန်၊ စစ်ကြောင်းကြီး (၅) ကြောင်းကို ရောင်စောင်းအား ရွေးချယ်ထားပြီဖြစ်၍ အဆိုပါစစ်ကြောင်းကြီး(၅) ကြောင်းကို (၉) လပိုင်း တတိယပတ်တွင် ကွင်းဆင်းသွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန်နှင့် ၅-၉-၂၀၂၄ ရက်နေ့ အောင်သံလွင်ကျေးရွာတွင် စာကြည့်တိုက်မြေနေရာ ပန္နက်တင်အခမ်းအနားအား ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံး တက်ရောက်ရန်” စသည့်အကြောင်း အရာများကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာကြသော တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)