မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မော်လမြိုင်ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၄

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မော်လမြိုင်ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်()အခြေခံပညာအဌက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဠ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျွန်တော်တို့နိုင်ငံမှာ မကြာခင် ၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ကောက်ယူတော့မှာဖြစ်ပါကြောင်း၊ ရက်အားဖြင့် ရေတွက်ကြည့်မယ်ဆိုပါက (၂၇) ရက်သာ လိုတော့တာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ဖို့အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျလည်းများမှာဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမှာဖြစ်တဲ့အတွက် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်ရသူအားလုံး အလွန်ပင်တာဝန်ကြီးမားသည့်အတွက် သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်ရာမှာ အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း၊ မွန်ပြည်နယ်အနေဖြင့်လည်း စာရင်းစစ်စာရင်းကောက်များခန့်ထားခြင်း၊ သန်းခေါင်စာရင်းသင်တန်းအဆင့်ဆင့် အချိန်ကိုက်ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်ထားပြီးဖြစ်သလို၊ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဤသင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေသေချာချာလေ့လာမှတ်သားပြီး မိမိတို့က နည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချတဲ့အခါ မခြွင်းမချန် ထိထိရောက်ရောက်ပြန်လည်အသုံးချလေ့ကျင့်သင်ကြားပေးဖို့ အထူးပင်လိုအပ်ကြောင်း၊ သင်တန်းသား ဆရာ/ဆရာမများအနေနဲ့ ပေးအပ်ထားတဲ့တာဝန်များကို မိမိတို့ရဲ့ အတွေ့အကြုံစွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မော်လမြိုင်ခရိုင်အဆင့် နည်းပြသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၃၃)ဦးဖြင့် စက်တင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)