ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က တော်ကူးကျေးရွာ အ.ထ.က ကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေအကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း အချက်အလက်များ၊ Online ရောင်းချခြင်းနှင့်စပ်လျဥ်း၍ သိကောင်းစရာ အကြောင်းအရာများလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက အကြီးတန်းစာရေး ဒေါ်နန့်လင်းလင်းဝင်းက လူငယ်နှင့်အားကစား အကြောင်းအရာများအားဟောပြောပြီး တော်ကူးကျေးရွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနိုင်ကကျေးဇူးတင်စကားပြန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)