မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်နှင့် ၂ဝ၂၄-၂ဝ၂၅ပညာသင်နှစ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး Book Review Competition ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေး စက်တင်ဘာ ၄

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး Book Review Competition ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူးများ၊ စီမံအရာရှိများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများနှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဘာသာရပ်ဌာနများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကာ ဒုတိယပါမောက္ခချုပ် (သင်တန်း၊ စီမံ) ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားကိုလည်းကောင်း၊ မြန်မာဘာသာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မာထူးက အမှတ်ပေး၊ စည်းမျဉ်းအကြောင်းကိုလည်းကောင်း ပြောကြားခဲ့သည်။

၎င်းနောက် Book Review Competition အကဲဖြတ်စိစစ်ရေးအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းနှစ်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ ၉ ဦးအား ဆုများကိုလည်းကောင်း၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းအသီးသီးမှ ပထမဆုရရှိသူတို့အား သီးခြားဂုဏ်ပြုဆုငွေများကိုလည်းကောင်း တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြောင်း၊ Book Review Competition ဆုရရှိသူများကိုယ်စား ပထမဆုရရှိသူ တတိယနှစ်သင်တန်း၊ ပြင်သစ်ဘာသာအထူးပြုမှ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရပါသည်။

ထွန်းထွန်းနိုင်