မိတ္ထီလာမြို့နယ် ဆူးဖြူကွက်စံပြကျေးရွာတွင် Garden Family Company မှ လှူဒါန်းသည့် အောင်ဆုယူစာကြည့်တိုက် အဆောက်အဉီသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဆူးဖြူကွက်စံပြကျေးရွာတွင် Garden Family Company မှ လှူဒါန်းသည့် အောင်ဆုယူစာကြည့်တိုက် အဆောက်အဉီးသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါစာကြည့်တိုက်အဆောက်အဉီးရှေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ အဖွဲ့ဝင်ဒေသကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် အလှူရှင် ဦးမျိုးသက်နိုင်(Garden Family Company) တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် အောင်ဆုယူစာကြည့်တိုက်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်ဇနီး ဒေါက်တာ စောမြင့်ထူး၊ ဦးကြည်မောင် (ကောင်ကင်မေမေ ကုမ္ပဏီ)နှင့် ဦးမြင့်နိုင်+ဒေါ်ငြိမ်းမိမိကျော်တို့က စာအုပ်များ လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ  ဦးမျိုးသက်နိုင်က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက်အလှူရှင် ဦးမျိုးသက်နိုင် (Garden Family Company)က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအောင်ဆုယူစာကြည့်တိုက်ကို Garden Family Company မှ လှူဒါန်းပြီး ငွေကျပ် ၁၇၅ သိန်း တန်ဖိုးရှိ အလျား ပေ ၄၀ ၊ အနံ ၃၅ ပေ၊ နံကပ် သွပ်မိုးတစ်ထပ် အဆောက်အဉီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)