ကျိုင်းတုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ဥပဒေရုံးနှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ပညာဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက သင်တန်းတက်ရောက်ကြသည့် ပညာရေးဝန်ထမ်းများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများနေဖြင့် ဥပဒေဆိုင်ရာ အသိပညာများသိရှိနားလည်ပြီး မိမိတို့တာဝန်ကျရာဒေသများတွင် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြန်လည်မျှဝေသင်ကြားပေးနိုင်ရန်နှင့် သိရှိလိုက်နာလာစေရန်အတွက် သင်တန်းမှပို့ချသည့် ဘာသာရပ်များကို လေ့လာမှတ်သားကြရန် ပြောကြားခဲ့သည်။ ထို့နောက် ကျိုင်းတုံခရိုင်ဥပဒေအရာရှိ ဦးဝင်းမောင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ ၁၇၈ ဦး တက်ရောက်ပြီး စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)