ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ခရိုင်/မြို့နယ် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဗန်းမော် စက်တင်ဘာ ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ခရိုင်/မြို့နယ် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က '' သန်းခေါင်စာရင်း၏ အရည်အသွေးကောင်းမွန်စေရန် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး၊ စာရင်းစစ်၊ စာရင်းကောက်များ ရွေးချယ်ခန့်ထားရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိနယ်မြေဒေသအလိုက် အမှန်တကယ်စာရင်းကောက်ယူရန် အရည်အချင်းပြည့်မှီသူများကို ရွေးချယ်ရမည်ဖြစ်ပြီး၊ စာရင်းစစ်၊ စာရင်းကောက်ရွေးချယ်ခန့်ထားရာတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ သတ်မှတ်ချက်များအပြင် သန်းခေါင်စာရင်းကို အဖျက်အမှောင့်လုပ်မည့်သူများမပါစေရန် လုံခြုံရေးအမြင်နှင့် မြေပြင်အခြေအနေတို့ကိုလည်း ထည့်သွင်းစဉ်းစားကြရန်နှင့် သင်တန်းသား/သူများအနေဖြင့် သင်တန်းပို့ချသည့် သန်းခေါင်စာရင်းဆိုင်ရာဘာသာရပ်နှင့် Mobile Tablet အသုံးပြုသည့် နည်းပညာများကို အားကြိုးမာန်တက်လေ့လာသင်ကြားရန် လိုအပ်ပါကြောင်း " အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးဘုန်းမော်မိုးမှ ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့အထိ CAIP (Computer Assisted Personal Interview) စနစ်ထည့်သွင်းထားသည့် Mobile Tablet များဖြင့် နိုင်ငံတစ်ဝှမ်းကောက်ယူသွားမည့် ကိစ္စရပ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွင်တက်ရောက်ခဲ့သည့် သင်တန်းဆရာ/ဆရာမများက ခရိုင်နည်းပြသင်တန်းသား/သူ (၆) ဦးကို (၃-၉-၂၀၂၄) ရက်နေ့မှ (၁၄-၉-၂၀၂၄) ရက်နေ့အထိ သင်တန်းကာလ (၁၀) ရက်သင်တန်းပို့ချသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသား (၆)ဦးမှ မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်သင်တန်းကို (၁၇-၉-၂၀၂၄) ရက်နေ့မှ (၂၈-၉-၂၀၂၄) ရက်နေ့အထိ သင်တန်းကာလ (၁၀) ရက် ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၅၅) ဦး တက်ရောက်သွားမည်ဖြစ်ပါကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)