ကမာရွတ်ခရိုင်၌ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကမာရွတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကမာရွတ်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်‌ဝေက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒချမှတ်ရေးအတွက် အရေးကြီးသည့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကောက်ယူနိုင်သည့် နေရာဒေသအတွင်း သန်းခေါင်စာရင်းများတွင် မထပ်မကျန်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည်နိုင်ငံတော်၏ အနာဂတ်စီမံချက်များအတွက် အထောက်အကူဖြစ်စေရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှင့် နည်းလမ်းကျမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အဓိကကျကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဒေါ်ခင်မာစန်းက သန်းခေါင်စာရင်းသင်တန်းဖွင့်လုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၉ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)