တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် RBF စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ရပ်မိရပ်ဖ ဦးမောင်မောင်၏ အိမ်ခြံဝန်း ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက စီမံကိန်းများနှင့်ပတ်သက်သည့် အကြောင်းအရာများ လမ်းညွှန်မှာကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက စီမံကိန်းများ၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပုံ၊ ဆောင်ရွက်ရမည့်နည်းလမ်းများ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်က ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းတွင် ပါဝင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာတာဝန်ခံ ဦးမောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရပြီး စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့်လုပ်ငန်းကော်မတီဝင်များ ဖွဲ့စည်းဆောင်ရွက်ကြောင်း သိရသည်။

တင်စိုးလွင်