နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင်  မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် စာကြည့်တိုက်များ ဆောက်လုပ်လျက်ရှိရာ ယနေ့မွန်လွဲပိုင်းတွင်  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်နှင့် စည်ပင်သာယာကျေးရွာတို့တွင် စာကြည့်တိုက်ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေမြင့်တက်၍ မြစ်ဘေးရှိအခြေခံပညာကျောင်းများသို့ ရေများဝင်ရောက်နေသည့် စည်ပင်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ချောင်းကမ်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီဝင်များမှ ကျောင်းအတွင်း ဝင်ရောက်နေသောရေများ အမြန်ဆုံးပြန်လည်ကျဆင်းရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေများကျဆင်းသွားပါက ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခေတ္တကျောင်းပိတ်ထားခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ရိုးညွှန်းတန်းများ ပြည့်မီအောင် သင်ကြားနိုင်ရေးအတွက် ပြန်လည်အစားထိုး ကုစားသင်ကြားနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ယခုလက်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ သင်ကြားနေသော အတန်းငယ်များအား လိုက်လံကြည့်ရှုရာ ဆရာ/ဆရာမများအနေဖြင့် နေရာအကျယ်အဝန်းကျဉ်းသောကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်သင်ကြားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းဝန်းအတွင်း ရေများပြန်လည် လျော့ကျလာပါက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ၊ ရပ်ဖများနှင့် ပြည်သူများစုပေါင်း၍ ကျောင်းဝန်းအတွင်း သန်းရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခြင်၊ ယင်များ မပေါက်ဖွားနိုင်အောင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ ဆရာ၊ ဆရာမများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်း စာသင်ကြားနေမှုအခြေအနေများအား လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ရုံးပင်ဇောင်း အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး၊ ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံ၍ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းကျန်းမာရေးအတွက် လိုအပ်သည်များဆောင်ရွက်ရန်မှာကြားပြီး ကျောင်းစာကြည့်တိုက်အား စာအုပ်များလှူဒါန်းခဲ့သည်။

ယခု မြစ်ရေမြင့်တက်မှုကြောင့် စည်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)  Grade-10,11,12 မှ ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦးအား စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်ကောင်း၊ ချောင်းကမ်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ  ၁၂၃ ဦးအား ချောင်းကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း သင်ကြားမှု နောက်ကျမှုမရှိစေရေးအတွက် ရွှေ့ပြောင်းပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)