နေပြည်တော် စက်တင်ဘာ ၄
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲအခမ်းအနားကို ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ ဖော်ပြလိုက်ရပါသည်။
ဒေါ်အေးအေးငြိမ်း (အ.ထ.က-၃ ကျောင်းအုပ်ဆရာမကြီး)
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျွန်မတို့ကျောင်းမှာ လာရောက်ကျင်းပပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ယခုလို ပွဲတော်တွေ ကျင်းပပေးတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ကာယ၊ ဉာဏ၊ စာရိတ္တပိုင်းဆိုင်ရာတွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး စာဖတ်တဲ့ အလေ့အထကောင်းတွေ၊ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို သိရရှိပြီး ပညာရေးမှာလည်း ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်းရတနာလေးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ စာပေဖတ်ရှုမှ အသိအမြင်တွေ ကြွယ်ဝမှာဖြစ်တဲ့အတွက် ရည်ရွယ်ချက်ကောင်းတဲ့ပွဲတော်၊ တစ်နည်းအားဖြင့် လူတစ်ဦးချင်းသာမက ဒေသနဲ့နိုင်ငံတော်အတွက်ပါ အကျိုးရှိတဲ့ပွဲတော်လို့မြင်ပါတယ်။ နောက်နှစ်တွေမှာလည်း ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို လာရောက်ကျင်းပပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်ရှင်။
မပြည့်ဖြိုးဝေ (Grade-10 အ.ထ.က-၁၉)
အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းမှာကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို လာရောက်ပါဝင်ဆင်နွဲခွင့်ရတဲ့အတွက် အသိပညာဗဟုသုတတွေရရှိပါတယ်။ သမီးက ယခုကျင်းပတဲ့ ကျပန်းစကားပြောပြိုင်ပွဲမှာ အမှတ်-၁၉ အခြေခံပညာအထက်တန်းကျောင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယဆုရရှိခဲ့ပါတယ်ရှင်။ ပြိုင်ပွဲတွေမှာ ဆုရသည်၊ မရသည်က အဓိကမဟုတ်ပါဘူး။ ဒီပြိုင်ပွဲတွေကို ကျင်းပပေးတဲ့အတွက် ကျွန်မတို့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အသိပညာဗဟုသုတတွေ တိုးတက်စေမယ်၊ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်ရှင်။ ဒီလိုပွဲတော်တွေဟာ ကျွန်မတို့လို လူငယ်တွေကို စာဖတ်သင့်တယ်ဆိုတဲ့ အသိအမြင်တွေကိုလည်း ရရှိစေပါတယ်။ စာဖတ်မှသာ ပညာရရှိပြီး အများရှေ့မှာ တင့်တင့်တယ်တယ်နဲ့ ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကနေ အသိပညာဗဟုသုတများစွာရရှိတဲ့အတွက် နောက်နှစ်တွေမှာလည်း ယခုလို စာဖတ်ရှန်မြှင့်တင်ရေးပွဲတွေကို ဆက်လက်ကျင်းပဆောင်ရွက်ပေးစေလိုပါတယ်ရှင်။
မပန်းအိလှိုင် (Grade-11 အ.ထ.က(ခွဲ) ရန်အောင်မြင်)
သမီးကတော့ ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆု ရရှိခဲ့ပါတယ်။ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် စာတွေအများကြီး ဖတ်ရှုခဲ့ရပါတယ်ရှင်။ ယခုလိုပွဲတော်မှာ ပါဝင်ခဲ့ရတဲ့အတွက် ပွဲတော်ကနေ စာဖတ်ခြင်းအကျိုးကျေးဇူးတွေကိုလည်း သိရှိခွင့်ရရှိခဲ့ရပါတယ်ရှင်။ အခုလိုပွဲတော်လုပ်ပေးတာ အရမ်းကောင်းပါတယ်ရှင် စာပေတွေကိုဖတ်ရှုဖို့ အခွင့်အလမ်းတွေ အများကြီးပေးစွမ်းတယ်။ ပြီးတော့ သမီးတို့ရဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ပြသခွင့်ရတယ်။ အခုလိုပွဲမျိုးပြုလုပ်ပေးခြင်းဟာ သမီးတို့ ကျောင်းသား၊ ကျောင်းသူလူငယ်တွေအတွက် အထူးသင့်လျော်တဲ့ပွဲလို့ ထင်မြင်ယူဆမိပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပွဲတွေ ပြုလုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
မယွန်းယွန်းထက် (Grade-11 အ.ထ.က-၁၈)
သမီးတို့ကျောင်းမှာကျင်းပတဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျင်းပတဲ့ ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့ပါတယ်ရှင်။ သမီးအနေနဲ့ ဒီပွဲတော်မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ပြပွဲ၊ ပြိုင်ပွဲလုပ်နေတာအားလုံးကို လိုက်ကြည့်ဖြစ်ပါတယ်။ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲနဲ့ စာအုပ်ခင်းကျင်းမှုပြခန်းကို စိတ်အဝင်စားဆုံးဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပြိုင်ပွဲဝင်တာကိုလည်း အားပေးခဲ့ပါတယ်။
မအေးမြင့်ကြည်(Grade-11 အ.ထ.က(ခွဲ) ရန်အောင်မြင်)
သမီးကတော့ စတုတ္ထအကြိမ်မြောက်ကျင်းပတဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၊ စာစီစာကုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယဆုရရှိခဲ့ပါတယ်ရှင်။ ဒီပြိုင်ပွဲဆုရရှိဖို့အတွက် သမီး စာတွေအများကြီး ဖတ်ရှုခဲ့ရပြီး ဆရာ ဆရာမတွေရဲ့ သင်ကြားပေးမှုတွေကလည်း သမီးအတွက် ဗဟုသုတတွေအများကြီး ရရှိပါတယ်ရှင်။ ဒီစာစီစာကုံးပြိုင်ပွဲမှာ ဆုရရှိရှိဖို့အတွက် သမီးအများကြီးကြိုးစားခဲ့ရပြီး ဆုရရှိတဲ့အတွက်လည်း အရမ်းပဲ ဝမ်းသာပီတိဖြစ်မိပါတယ်ရှင်။ ဒီစာစီစာကုံးပြိုင်ပွဲမှာ လူငယ်တွေနဲ့ပတ်သက်တဲ့ စာဖတ်လျှင်ရရှိမည့် အကျိုးကျေးဇူးအကြောင်းအတွေ အများကြီးပါရှိပါတယ်ရှင်။ သမီးတို့ လူငယ်တွေဟာ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့အတွက် နောင်အနာဂတ်များ ကြံ့ကြံ့ခံနိုင်ဖို့အတွက် စာပေလေ့လာဖတ်ရှုပြီး အသိပညာ အတတ်ပညာတွေတိုးပွားအောင် ကြိုးစားစွမ်းဆောင်ရပါမယ်ရှင်။ ဒါ့ကြောင့် ယခုလို အသိပညာတွေ အများကြီးရရှိစေတဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို နောက်နှစ်တွေမှာလည်း ဆက်လက်ပြီး ကျင်းပပေးစေချင်ပါတယ်ရှင်။
အဆိုပါပွဲတော်တွင် အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း ၃ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွဲခဲ့ပြီး စာပေဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ခင်းကျင်းပြခန်း၊ နံရံကပ်စာစောင်ပြခန်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများအပြင် စာအုပ်ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေအစီအစဉ်များကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)