မြစ်ကြီးနား စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)ကျောင်းခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပသည်။
ရှေးဦးစွာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးကျော်ထက်၊ ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခေါ်န်ဆိုင်း၊ အင်ဂျန်ယန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကျော်စိုးနိုင်နှင့် ဝိုင်းမော်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်တို့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက် သည်များအား အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါကျောင်းစာကြည့်တိုက်အတွက် သုတရသ စာအုပ်စာစောင်များအား လှူဒါန်းပေးအပ်ခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)