လယ်ဝေးခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်

လယ်ဝေး စက်တင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ဒုတိယဦးစီးမှူးဦး​မောင်မောင်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဒေါ် မြင့်မြင့်သက်၊  မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ ဒုတိယဦးစီးမှူး ဦးမောင်မောင်က သင်တန်းတွင် သင်ကြားပို့ချမည့်အကြောင်းအရာများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် ဆွေးနွေးပို့ချပေးပြီး အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၁၈ ဦး နှင့် အထောက်အကူပြု လဝက ဝန်ထမ်း ၂၂ ဦးတို့အား ၁၀ ရက်ကြာသင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)