နေပြည်တော် စက်တင်ဘာ ၄
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏဆိုင်ရာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဉာဏဆိုင်ရာပြိုင်ပွဲများအနေဖြင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏဆိုင်ရာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း ၃ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတစ်ခုချင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုနှစ်ဆု စုစုပေါင်း ငါးဆုစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)