ကျိုင်းလပ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၌ ယမန်နေ့နံနက် (၁၀) နာရီခွဲက တာချီလိတ်ခရိုင် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲတွင် တာချီလိတ်ခရိုင် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ကျော်သန်းနိုင်က လုပ်ငန်းကဏ္ဍကြီး (၄) ရပ်၊ လူကုန်ကူးမှု အင်္ဂါရပ် (၃) ရပ်၊ လူကုန်ကူး/လူမှောင်ခိုအဓိပ္ပာယ်၊ ကွဲပြားခြားနားချက်၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ ပြည်တွင်းလူကုန်ကူးမှု၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ လူကုန်ကူးခံခဲ့ရပြီး ဖော်ထုတ်ခဲ့သည့် မှုခင်းဖြစ်စဉ်များအား ရှင်းလင်းဟောပြောပြီး “ပုခက်လွှဲခွင့် မရသောလက်၊ တိတ်ဆိတ်ခြင်း၏ နောက်ကွယ်” ပညာပေး video Clip များ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်) မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း (၁၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)