ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၄

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာလှူဒါန်းထားရှိသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ

ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယတိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယတိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ သ.စ.အဓမ္မာစရိယ ပါဠိပါရဂူတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်) ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူခဲ့ကြသည်။ အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေသင်္ကန်းတော်ရွှေပြားအလှူရှင် ၉၀ က ခြောက်ကျပ်သား ရွှေပြားကိုးချပ်၊ သုံးကျပ်သားရွှေပြားခုနစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၉၆ ချပ်စုစုပေါင်း ရွှေစင်ရွှေပြား ၁၁၂ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၁၀၃ ဦး အပါအဝင် စုစုပေါင်းလှူဒါန်းငွေ ၂၀၇၈၃၂၀၅၉၇ ကျပ် ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)