မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း Mpox(မျောက်ကျောက်)ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပေးရှင်းလင်းတင်ပြခြင်းအခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၃

Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက Mpox ရောဂါ လူတွင်ကူးစက်ဖြစ်ပွားခြင်းအား ၁၉၇၀ မှစ၍ ကွန်ဂိုနိုင်ငံအပါအဝင် အာဖရိကနိုင်ငံ (၁၁)နိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး Mpox ရောဂါဖြစ်ပွားလေ့မရှိသည့် ကမ္ဘာ့နိုင်ငံအချို့(non - endemic countries)တွင် ကပ်ရောဂါအသွင်ဖြစ်ပွားနေကြောင်း (၂၁-၅-၂၀၂၂)ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ (၂၃-၇-၂၀၂၂) ရက်နေ့တွင် Mpox ရောဂါအား နိုင်ငံတကာနှင့်သက်ဆိုင်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ(Public Health Emergency of International Concern- PHEIC)အဖြစ်သတ်မှတ်၍ ရောဂါဖြစ်ပွားမှုပေါ်မူတည်၍ (၁၁-၅-၂၀၂၃) ရက်နေ့တွင် PHEIC ကို ပြန်လည်ဖြေလျှော့ခဲ့ရာ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့တွင် ရောဂါဖြစ်ပွားလေ့မရှိသော ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားလာသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ကြောင်း၊ Mpox ရောဂါသည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖြစ်ပွားမှုရှိနေသည့်အတွက် နိုင်ငံ၏ဝင်ပေါက်၊ ထွက်ပေါက်များတို့တွင် ခရီးသည်များအား ကျန်းမာရေးဝန်ထမ်းများမှ Mpox ရောဂါလက္ခဏာရှိမရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ Mpox ရောဂါသည် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေပြီဖြစ်သောကြောင့် မွန်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများတွင် Mpox ရောဂါနှင့်ပတ်သက်၍ သံသယလက္ခဏာတစ်စုံတစ်ရာတွေ့ရှိပါက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများနှင့် တက်ရောက်လာကြသူများအားလုံးမှ သံသယလက္ခဏာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ကျန်းမာရေးဌာနသို့ အချိန်မီသတင်းပေးပို့၍ ကျန်းမာရေးဌာနမှ အသိပေးရှင်းလင်းချက်များကို သေချာစွာလိုက်နာကျင့်သုံးစေလိုပါကြောင်းနှင့် ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အရေး‌ပေါ်အခြေအနေ ထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပိုးများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်စဉ်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာလုပ်ငန်းများ၊ သံသယလူနာများအား သီးခြားထားရှိခြင်း၊ ကုသခြင်း၊ ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ရောဂါသံသယ လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)