မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂ဝ၂၄) တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်

မော်လမြိုင် စက်တင်ဘာ ၃

မွန်ပြည်နယ်အတွင်း နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ရန် မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အတွက် ရဲဝံ့သည့်စိတ်ဓာတ်များဖြင့် ဝင်ရောက်လာသော နိုင်ငံ့သားကောင်းရတနာများအတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂ဝ၂၄) တက်ရောက်မည့် သင်တန်းသားများအား မွန်ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်း​ရေးမှူး၊ ပြည်နယ်အုပ်​ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို ယနေ့နံနက်ပိုင်းက နယ်မြေခံသင်တန်းခန်းမ၌ သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂ဝ၂၄) အတွက် သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ် ၇၃ သိန်း ၅ သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ်မှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ဆက်ခဲ့ပြီး သင်တန်းကာလအတွင်း သင်ကြားပေးသည့် အတတ်ပညာများကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် ဆောင်ပုဒ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး စစ်သားကောင်းတစ်ယောက်ဖြစ်အောင် စိတ်ရောကိုယ်ပါလေ့ကျင့်သင်ကြား ကြရန်လိုကြောင်းဖြင့်ပြောကြားကာ မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂ဝ၂၄) အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)