ဒဂုံတောင် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အစိုးရနည်းပညာကောလိပ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခရိုင်အဆင့်နည်းပြသင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းသား၊ သင်တန်းသူများဟာ မြို့နယ်အဆင့် နည်းပြတာဝန်ထမ်းဆောင်ကြရမှာဖြစ်လို့ သင်ယူခဲ့သော သန်းခေါင်စာရင်း မေးခွန်းပါအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ကောက်ယူပေးနိုင်မည့် အရည်အချင်းပြည့်ဝသော စာရင်းစစ်၊ စာရင်းကောက်များ မွေးထုတ်ပေးနိုင်ရေးအတွက် သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများကို ထိရောက်လွယ်ကူသည့်နည်းလမ်းများဖြင့် ဆွေးနွေးပို့ချပေးကြရန်၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများ မေးမြန်းခြင်းများ၊ ဘာသာရပ်များကို မခြွင်းမချန် ထိထိရောက်ရောက်ဖြင့် ကြိုးပမ်းဆောင်ရွက်သင်ကြားပေးကြရန်နှင့် အသိတူမှအလုပ်တူမည်ဖြစ်၍ အားလုံးသိအောင်၊ တတ်အောင် ပြန်လည်သင်ကြားပေးကြပါရန် အထူးမှာကြားလိုကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အောင်မြင်စွာ ကောက်ယူနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက၊ ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုကျော်ထံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ကျပ်ငါးသိန်းတိတိကိုပေးအပ်ပြီးနောက် တက်ရောက်လာကြသော ခရိုင်အဆင့် သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ခရိုင်အဆင့်သန်းခေါင်းစာရင်းနည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၂) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးအောင်