တွံတေး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ယာယီဥက္ကဋ္ဌဦးအောင်ကျော်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်နှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အသီးသီးသင်တန်းများဖွင့်လှစ်ပို့ချ ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့ခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား/သူများက နည်းပြဆရာများ၏ သင်ကြားပို့ချမှုအားအလေးထားသင်ယူပြီး မိမိမြို့နယ်တွင် ပြန်လည်ပို့ချရမည်ဖြစ်သဖြင့် ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၄ နှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း ခရိုင်အဆင့်စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းမှသင်တန်းသားများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ တွံတေးခရိုင်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများဖြစ်သော တွံတေးမှ ၁၅ ဦး၊ ဒလ ၃ ဦး၊ ကော့မှူး ၄ ဦး၊ကွမ်းခြံကုန်း ၆ ဦး၊ ဆိပ်ကြီးခနောင်တို ၅ ဦး၊ (၅)မြို့နယ်မှ ဆရာ၊ ဆရာမ ၃၆ ဦးတို့အား စက်တင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းသား၊ သင်တန်းသူများအား တိုင်းအဆင့်အထူးနည်းပြသင်တန်းသို့တက်ရောက်ခဲ့သော နည်းပြဆရာများက သင်တန်းများပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား