မိတ္ထီလာမြို့ (၁၄၁) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌  မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲအား ပြိုင်ပွဲဝင်လှေအသင်းပေါင်း ၃ဝ သင်းခန့်ဖြင့် ထည့်သွင်းကျင်းပမည်

မိတ္ထီလာ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ (၁၄၁) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပမည့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲအား ပြိုင်ပွဲဝင်လှေအသင်း စုစုပေါင်း ၃ဝ သင်းခန့်ဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ယခုနှစ် (၁၄၁) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်မှာ ထည့်သွင်းကျင်းပမယ့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း ၃ဝ သင်းခန့်နဲ့ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ မနေ့က မွန်းလွဲပိုင်းမှာ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအနေနဲ့ ပြိုင်ပွဲဝင်လှေအသင်းတာဝန်ခံများ တွေ့ဆုံပြီး ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းခြင်း၊ ပြိုင်ပွဲဝင်လှေအသင်း စာရင်းအတည်ပြုလက်ခံခြင်းများကို ကနဦးဆောင်ရွက်ခဲ့ရာ  အမျိုးသားအငယ်တန်းပြိုင်ပွဲ အသင်း ၁၈ သင်းနဲ့ အမျိုးသမီးပြိုင်ပွဲဝင်အသင်း ၅ သင်းတို့ကို စာရင်းအတည်ပြု လက်ခံရရှိပြီးဖြစ်ပါတယ်။ အမျိုးသားအကြီးတန်းပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ယနေ့မွန်းလွဲပိုင်းမှာ ထပ်မံအတည်ပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောသည်။

မိတ္ထီလာမြို့ (၁၄၁) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာလ ၁ဝ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ ဘုရားပွဲဈေးတန်း ဈေးဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ