ဥတ္တရသီရိ စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥတ္တရခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကျင်းပမည့် အစီအစဉ်များကိုလည်းကောင်း၊ ဥတ္တရခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမာမာဇင်က အခြေခံပညာကျောင်းမှ ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)