ဇေယျာသီရိ စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ချက်ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးနှင့် တာဝန်ရှိသူများက ကျောက်ချက်ကျေးရွာအုပ်စု အလယ်ရွာကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၉ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၅၇ ဦး၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးအတွက် စုစုပေါင်း ကျေးရွာမတည်ရန်ပုံငွေကျပ် ၂၇၆ သိန်း ထုတ်ချေးပေးခဲ့သည်။ အလားတူ မွန်းလွဲပိုင်းတွင် ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း ၈၂ ဦးတို့အတွက် ကျေးရွာမတည်ရန်ပုံငွေကျပ် ၃၉၆ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း( ဇေယျာမြေ)