မက်မန်း စက်တင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မွတ်နိုးကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်စမ်းစမ်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါ်သီတာချမ်းအေးက တစ်ကိုယ်ရေကျန်းမာရေးအားနည်းခြင်းကြောင့် ဖြစ်စေနိုင်သော ကျန်းမာရေးဆိုးကျိုးများ၊ သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်းတို့ကို ဟောပြော ခဲ့ကြသည်။
ထို့နောက် မွတ်နိုးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဒေါ်စမ်းစမ်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့်အဖွဲ့ဝင်တို့က ကျောင်းသုံးဗလာစာအုပ်များနှင့် ခဲတံများ၊ကျောင်းဝတ်စုံများ၊ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါဟောပြောတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာမများ၊ ရပ်မိရပ်ဖများ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)