သထုံ စက်တင်ဘာ ၃
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရေးအတွက် အရေးကြီးသည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများမှန်ကန်ရေး အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ တက်ရောက်ကြသည့် နည်းပြသင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု၊ စိတ်စေတနာကောင်းများတို့ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှထုတ်ပေးသည့် သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ပေးအပ်ရာ နည်းပြသင်တန်း တက်ရောက်ကြမည့်သူတို့က လက်ခံရယူခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးတို့အား သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်းများ၊ ပဟေဠိအမေးအဖြေများစသည်တို့ဖြင့် ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယခုသင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ မြို့နယ်အလိုက် သန်းခေါင်စာရင်းကော်မတီတို့ဖြင့်ပူးပေါင်းကာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်