မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းကောင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းကောင်စာရင်း‌အောင်မြင်စွာကောက်ယူနိုင်ရေး ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွတ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့မှ ပူးပေါင်းဆောင်ရွက်ပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများ ချမှတ်ရန်အတွက် အရေး ကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရနိုင်မည့် တစ်ခုတည်းသော စီမံကိန်လုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ‌ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်သန်းကောင်စာရင်းကော်မတီအတွင်းရေးမှူး၊ ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးပိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်းကိန်းဂဏန်းများ ရရှိစေခြင်း၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်းများ ရေးဆွဲရာတွင် ပိုမိုတိကျမှုရှိစေရန် ခိုင်လုံသော ခန့်မှန်းလူဦးရေများတွက်ချက်ပေးနိုင်ခြင်း၊ မြို့ပြနှင့်ကျေးလက်နေထိုင်သည့် လူဦးရေစာရင်းများ သိရှိနိုင်ခြင်း၊ လူဦးရေသိပ်သည်းမှု၊ ပျံ့နှံ့နေမှုအခြေအနေများ သိရှိနိုင်ခြင်း၊ စာတက်မြောက်မှု၊ တွက်ချက်မှု၊ ပညာသင်ကြားမှုများ၊ ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများသိရှိနိုင်မှု စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်အဆင့်သန်းခေါင်စာရင်းကောက်ယူမှုနည်းပြသင်တန်းကို သင်တန်းနည်းပြ (၃) ဦးက ဆက်လက်သင်ကြားပို့ချခဲ့ရာ ကျောက်ဆည်မြို့နယ်မှ သင်တန်းသား/သင်တန်းသူ (၁၃) ဦး၊ စဉ့်ကိုင်မြို့နယ်မှ (၁၁) ဦး၊ မြစ်သားမြို့နယ်မှ (၁၅) ဦး တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား စက်တင်ဘာ (၃) ရက်မှ (၁၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)