အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာန ဒေသစာရီကြွချီလှည့်လည်ပူဇော်ခံရေး ဒေသန္တရအရပ်ရပ်အစည်းအဝေး ကျင်းပ

ညောင်ရွှေ စက်တင်ဘာ ၃

၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ အင်းလေးကန်ဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီလှည့်လည်ပူဇော်ခံရေး ဒေသန္တရအရပ်ရပ်အစည်းအဝေးကို စက်တင်ဘာ(၂)ရက် နေ့လည်(၁၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကုန်းတော်မြတ်ရှိ ဗုဒ္ဓသာသနာထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ပြုလုပ်သည်။

ရှေးဦးစွာ အစည်းဝေးကြွရောက်လာကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ မိုင်းသောက်ပထမစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂ မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသဆရာတော်မှ ဩဝါဒကထာမြွက်ကြားတော်မူခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာန ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားတင်ပြသည်။

၎င်းနောက် ဖောင်တော်ဦးမြတ်စွာဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီပူဇော်ခံနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားလျှောက်ထားအတည်ပြုချက်ရယူပြီး ဒေသစာရီကြွချီအပူဇော်ခံမည့် (၂၁)ဌာနမှ ဆရာတော်များနှင့် ဂေါပကအဖွဲများက သက်ဆိုင်ရာဌာနအလိုက် လျှောက်ထားတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ဗုဒ္ဓသာနနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရပ်နားခဲ့ကြောင်းနှင့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ အင်းလေးကန်ဝဲယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံပွဲကို (၃-၁၀-၂၀၂၄) ရက်နေ့မှ (၂၀-၁၀-၂၀၂၄)ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ