ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအတွက် ခရိုင်အဆင့် တက်ရောက်မည့်နည်းပြများ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ညောင်ဦးခရိုင်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ ည ၁၂ နာရီအချိန်မှ စတင်ကာ စာရင်းကောက်အဖွဲ့များမှ ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအတွင်းနေထိုင်သူများအားလုံး စာရင်းကောက်ယူနိုင်ရေး အဖွင့်အမှာစကား ပြောကြားသည်။
ပြီးနောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးပြေကျော်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုဇင်နှင့် ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်တို့က ခရိုင်အဆင့် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်းအဖွဲ့များအား Mobile Tablet ၊ Power Bank ၊ Note Book နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ကြရာ ခရိုင်အဆင့်သင်တန်းနည်းပြများနှင့် သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင်တို့မှ လက်ခံရယူခဲ့ကြောင်း သိရကာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်းအား စက်တင်ဘာ ၃ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဒီပါလင်း