ကျောက်ဆည် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စာဖတ်ရှိန်မြှင်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပြုလုပ်သွားမည့်အပြင် အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ အဆင့်မြင့်ကျောင်းများ၊ တက္ကသိုလ်များမှ ပူးပေါင်း၍ ပြခန်းများ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီများ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။
ကျောက်ဆည်ခရိုင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်တွင် အထက်တန်းအဆင့် ကျပန်း၊ ဉာဏ်စမ်းပဟေဠိ၊ ပန်းချီပြိုင်ပွဲများ၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပုံပြော၊ ကာတွန်းပြိုင်ပွဲများ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများအပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ စက်မှု၊လက်မှုပြခန်းများ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)