သင်္ဃန်းကျွန်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သန်းခေါင်စာရင်းကော်မတီက ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းရှိ စကားဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်သန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ဦးထူးလွင်မှ သန်းခေါင်စာရင်းကောက်ယူခြင်းသမိုင်းကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူရခြင်း၏ရည်ရွယ်ချက်များ၊ အခြေခံအချက်အလက်များ၊ လုပ်ငန်းစဉ်(၄)ရပ်၊ ကောက်ယူမည့်မူ၊ ကောက်ယူမည့်နည်းလမ်းတို့ကို ပြောကြားခဲ့သည်။
အဆိုပါ ခရိုင်အဆင့်နည်းပြသင်တန်းကို ခရိုင်အတွင်းရှိ သင်္ဃန်းကျွန်း၊ တာမွေ၊ ရန်ကင်း၊ တောင်ဥက္ကလာပမြို့နယ်(၄)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၉)ဦးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာမများတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းအောင်