မိတ္ထီလာခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် မိတ္ထီလာခရိုင် အတွင်းရှိ မြို့နယ်များတွင် စာရင်းစစ် စာရင်းကောက် ၇၅၄ ဦး ခန့်တာဝန်ပေးအပ်ရမှာဖြစ်လို့ ၎င်းတို့ကို တစ်ချိန်တည်းတစ်ပြိုင်းတည်း သက်ဆိုင်ရာမြို့နယ်များတွင် လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် နည်းပညာသင်တန်းများနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို အဆင့်ဆင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုဖွင်လှစ်တဲ့ ခရိုင်အဆင့်နည်းပြသင်တန်းကို ဖွင့်လှစ်ပြီးပါက မြို့နယ် အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို သတ်မှတ်အချိန်အတိုင်း အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီများဖြင့်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်တာကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်၊ ၂၀၂၄ခုနှစ် သန်းခေါင် စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာငွေအရင်းမြစ်၊ စွမ်းအားဖြင့်သာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်၊ ဒါကြောင့် တက်ရောက်လာကြတဲ့ဆရာဆရာမများအနေနဲ့ ပေးအပ်ထားတဲ့တာဝန်များကို  မိမိတို့ရဲ့အတွေ့အကြုံ စွမ်းဆောင်နိုင်မှုအရည်အသွေး စိတ်စေတနာ ကောင်းများနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်အမျိုးသမီးရေရာကော်မတီဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးတို့က သင်တန်းသားသင်တန်းသူများအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသားသင်တန်းသူ ၅၁ ဦး တက်ရောက်ပြီး သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်သလို အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့်ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် သင်တန်းကို စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ ၁၄ ရက်နေ့အထိ  လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)