ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသခံပြည်သူများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား စက်တင်ဘာ ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ရုံးကြီးလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံ မီးပွိုင့်နေရာမှ ရုံးကြီးလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် သစ်ပင်များခုတ်ထွင်ပေးခြင်း၊ မြက်ပင်နှင့်ခြုံနွယ်များ ရှင်းလင်းပေးခြင်းနှင့် အမှိုက်များကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ဒေသခံတိုင်းရင်းသားလူငယ်များအတွက် ဖွင့်လှစ်ပေးသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်းတစ်ခုဖြစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ဒေသခံပြည်သူအများစု၏ သွားလာရေးကဏ္ဍတွင်သာမက သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် အများဆုံး အသုံးပြုလျက်ရှိသည့် မော်တော်ဆိုင်ကယ်များကို ကိုယ်ပိုင်ထိန်းသိမ်းရာတွင် လည်းကောင်း၊ မိသားစုဝင်ငွေအတွက် ပြန်လည်အသုံးချရာတွင် လည်းကောင်း၊ ပြည်သူများအတွက် အကျိုးရှိထိရောက်မြန်ဆန်သည့် လုပ်ငန်းဖြစ်သည့် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကို စာတွေ့/ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည့်အပြင် သင်ထောက်ကူပစ္စည်းများ၊ ကုန်ကြမ်းသုံးပစ္စည်းများကို နိုင်ငံတော်ကကျခံ၍ အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် သင်ကြားမှုအပေါ်အကျိုးရှိရှိ လေ့လာသင်ယူကြရန်နှင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် ဆိုင်ကယ်ပြုပြင်ဆိုင်များဖွင့်လှစ်နိုင်သည်အထိ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်ကြမည့် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၁၂၀ နှင့် သင်ထောက်ကူပစ္စည်းများကို လုပ်ငန်းစီမံကိန်းကော်မတီအဖွဲ့ဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ခန်းမအတွင်း ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအတွက် ခင်းကျင်းပြသထားသည့် အထောက်အကူပြုပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးအတွက် ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းစီမံကိန်းများ ရေးဆွဲချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း (၉၀) အကုန်အကျခံ၍ ‌‌ဒေသတစ်ခုထုတ်ကုန်တစ်ခု၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး၊ အမျိုးသမီးများ ဝင်ငွေတိုးရေး၊ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး စသည့် စီမံကိန်းလုပ်ငန်းများဖြင့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင်များအတွင်း သင်တန်း(၉)ခု၊ သင်တန်းသားစုစုပေါင်း ၁၃၅ ဦးတို့ဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ယနေ့သင်တန်းအပါအဝင် ခရိုင် (၄) ခရိုင်အတွင်း  ရပ်ကွက်/ ကျေးရွာပေါင်း (၁၄)ခုတို့တွင် ငွေကျပ် (၁၆၈ ဒဿမ ၀၀)သန်း အကုန်အကျခံ၍ သင်တန်း(၁၄)ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားများကိုလည်း အသက်မွေးလုပ်ငန်းများ ထူထောင်နိုင်ရေး သင်တန်းအမျိုးအစားအလိုက် အထောက်အကူပြုပစ္စည်းများကိုလည်း အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)