မော်လမြိုင် စက်တင်ဘာ ၂
မော်လမြိုင်မြို့၏ ကျက်သရေဆောင်သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး၌ အစဉ်အလာမပျက် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်မှစတင်၍ ဆေးပဋ္ဌာန်းပူဇော်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခု(၁၃၉)ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်အတွင်း၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်သုတ်စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ကြပြီး (၁၃၉)ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဆံတော်ရှင်ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယ(ရွှေတောင်ကျောင်းဆရာတော်)ထံမှ ရှစ်ပါးသီလတော်မြတ်များခံယူဆောက်တည်ခဲ့ကြကာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထိုနောက် ဆံတော်ရှင်ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဆေးပဋ္ဌာန်းလှူဒါန်းရခြင်းအကြောင်းနှင့် ဆေးလှူဒါန်းသော အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်များထံ ကျန်းမာရေးအတွက် တိုင်းရင်းဆေးနှင့်နိုင်ငံခြားဆေးများကို “အာယုဒါန” ဆေးပစ္စည်းအလှူများနှင့် အလှူတော်ငွေများကို ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ (၁၃၉)ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲအတွက် ပြုပြုသမျှ ကောင်းမှုအစုစုတို့အား ဝေဇယန္တာကျောင်း ဆရာတော်ထံမှအနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ခဲ့သည်။
အဆိုပါ (၁၃၉)ကြိမ်မြောက်ဆေးပဋ္ဌာန်းလှူဒါန်းပွဲကို မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း(၁၁၀)တွင် သီတင်းသုံးတော်မူသော ဆရာတော် သံဃာတော်အပါး(၁၀၀၀၀)ကျော်တို့အား ဆေးဝါးနှင့် ၀တ္ထုငွေစုစုပေါင်းကျပ်သိန်း(၁၃၀၀)ကျော်ကို “သက်ရှည်ကျန်းမာ ဘေးရန်ကွာ ချမ်းသာဆင်းလှခြံရံလျက် ဗလအား သည်း ပညာကြီး၍ ပစ္စည်းခိုင်မြဲ မကွဲ ချစ်သူ ကျိုးဆယ်ဆူမှာ ဆေးလှူသူတို့ ရဖို့တည်း” ဟူသော အကျိုးငှာ စေတနာရှင် သဒ္ဓါကြည်လင် ပါရမီရှင်များက သဒ္ဓါထက်သန်စွာ ပါ၀င်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)