မော်လမြိုင် စက်တင်ဘာ ၂
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကျန်းမာရေးမှူး -၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လူမှုရေးရာ၀န်ကြီး ဦးစောကြည်နိုင်က အဖွင့်အမှာစကားပြောကြာရာတွင် ကျန်းမာရေး၀န်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်းကို ရေးဆွဲ၍ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေးနှင့် ကျန်းမာမှုပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်တွင် ကမ္ဘာ့လူသားအားလုံး၏ ကျန်းမာရေးအဆင့်မြှင့်တင်ရေးကို ရှေးရှု၍ “အားလုံးကျန်းမာသက္ကရာဇ် ၂၀၀၀ မှာ”ဟူသော ရည်မှန်းချက်ကို ချမှတ်ခဲ့ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များကို အခြေခံ၍ အကောင်အထည်ဖော်ရာတွင် (၁၉၇၇) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာ ပဏာမကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လမ်းမှီရရှိစေရန် ရည်ရွယ်ပါကြောင်း၊ နိုင်ငံအတွင်းရှိ လူတိုင်းလူတိုင်း လက်လှမ်းမှီရရှိစေမည့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရန်၊ မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရဲ့ကျေးလက် ကျန်းမာရေးဌာန/ဌာနခွဲများတွင် တာ၀န်ထမ်းဆောင်သူများအနေဖြင့် ပြည်သူများနဲ့ အမြဲထိတွေ့ပြီး လုပ်ငန်းဆောင်ရွက်ကြမယ့် ကျန်းမာရေးမှူး-၄များရဲ့ အခန်းကဏ္ဍာဟာ အလွန်အရေးကြီးပါကြောင်း၊ ပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်စေဖို့အတွက် နည်းစနစ်တွေ လုပ်နည်းလုပ်ဟန်တွေကို ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်၊ ကျန်းမာရေးမှူး-၄ များဟာ မိမိတာ၀န်ကျ ဒေသရှိပြည်သူများလိုအပ်သည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို အခြားကျန်းမာရေး၀န်ထမ်းများနှင့်အတူ ညှိနှိုင်းပူးပေါင်းလျက် ကျန်းမာရေးစောင့်ရှောက်မှုများကို အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)