မော်လမြိုင် စက်တင်ဘာ ၂
မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂ဝ၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုုပ် ဦးမြင့်အောင်က နိုင်ငံ့ဝန်ထမ်းများဖြစ်လာမည့် သင်တန်းသူ၊ သင်တန်းသားများသည် သင်တန်းတွင်ပို့ချခဲ့သည့် ဥပဒေများကို သိရှိထားခြင်းဖြင့် နိုင်ငံတော်၏ တာဝန်များကို ဆောင်ရွက်ရာတွင် သိက္ခာရှိရှိဖြင့် အရည်အချင်းပြည့်မှီ အောင်မြင်စွာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်၍နေ့စဉ် လူမှုဘဝတွင်လည်း မည်သည့်အရာကိုဆောင်၍ မည်သည့်အရာကို ရှောင်ရမည်ဖြစ်ကြောင်း၊ မည်သည့်အရာကို ဥပဒေက တားမြစ်ထားကြောင်းကို နားလည်သဘောပေါက်ကာ ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့လုပ်ကိုင်ဆောင်ရွက်မှုများသည် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိမှန်ကန်ထိရောက်သည့် လုပ်ရပ်များနှင့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးအပါအဝင် ဥပဒေရုံးအသီးသီးအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအကြား ဥပဒေအသိပညာပြန့်ပွားရေးကို ရည်ရွယ်ပြီး ဥပဒေဝန်ဆောင်မှုလုပ်ငန်းများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာများကို ထိုက်သင့်အားလျော်စွာ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်၍သင်တန်းဖွင့်လှစ်ပို့ချသည့် မိမိတို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံးအနေဖြင့်လည်း ယခုကဲ့သို့ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကာ ပြည်သူများအကြား ဥပဒေအသိပညာများ တိုးပွား၍ နိုင်ငံတော်အတွက် ကောင်းကျိုးရလာဒ်များ တိုးပွားဖြစ်ထွန်းစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းနှင့် သင်တန်းသူသင်တန်းသားများအနေဖြင့်လည်း ကောင်းမွန်သည် ဥပဒေအသိပညာများရရှိကာ နိုင်ငံတာဝန်များကို ယခင်ကထက်ပိုမိုကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဥပဒေချုုပ် ဦးမြင့်အောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ဥပဒေစာအုပ်(၁၀)အုပ်အား မော်လမြိုင်ပညာရေးဒီဂရီကောလိပ်သို့ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ယင်းနောက် ပြည်နယ်ဥပဒေချုုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂ဝ၂၄)ကို သင်တန်းသား၊ သင်တန်းသူ(၆၀၀)ဦးဖြင့် သင်တန်းကာလ(၂)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)