ကျောက်ဆည် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် ကွန်ကရစ်လမ်းများ ခင်းပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေတောကြီးကျေးရွာအုပ်စု၊ ဘလုံ့ကျေးရွာတွင် (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေတောကြီးကျေးရွာအုပ်စု၊ ဘလုံ့ကျေးရွာတွင် အိမ်ခြေ (၁၂၇၄)အိမ်၊ အိမ်ထောင်စု(၁၂၇၆)စု၊ လူဦးရေ (၅၇၄၉)ဦး နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်အသက်မွေးကြပြီး မိုးတွင်း ကာလ ကျေးရွာတွင်းလမ်းများသည် ရွံ့များဖြင့် သွားလာရာ၌ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ မြို့ပြနှင့် မခြားသွားလာနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP)စီမံကိန်းဖြင့် မြေလမ်းများအား ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဦးဆောင်မှုဖြင့် နိုင်ငံတော်ခွင့်ပြုငွေ၊ ကျေးရွာပြည်သူများ ထည့်ဝင်ငွေများဖြင့် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်းကြောင့် ဘလုံ့ကျေးရွာ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်လာတတ်မည်ဖြစ်ကြောင်းနှင့် အရည်အသွေး ကောင်းသည့် လမ်းများဖြစ်စေရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ စနစ်တကျ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ပြီးစီးပြီးသွားပါက ဘလုံ့ကျေးရွာသည် မြို့ပြနှင့်မခြားလမ်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများအနေဖြင့် တစ်အိမ်နှင့် တစ်အိမ် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် များစွာ အဆင်ပြေသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လူနေမှုစနစ်များလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)