ညောင်ဦး စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးလယ်မိုးရွာသွန်းမှုကောင်းခြင်းနှင်အတူ ပဲစင်ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ပဲစင်းငုံခုတ်သိမ်းချိန် အထွက်နှုန်းကောင်းရန် သေချာ သလောက်ရှိနေကြောင်း တက်မကျေးရွာ တောင်သူဦးမောင်ဌေးက ပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံ စိုက်တောင်သူများသည် ပဲစင်ငုံ စိုက်ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများ ကြဲပက်စိုက်ပျိုးချိန်နှင့်အတူ ပဲစင်ငုံအားရောကာ ကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများ နှုတ်သိမ်းချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ ဝါခေါင်လဆန်း နှမ်းနှုတ်သိမ်းပြီးချိန် မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များကောင်းလာပြီး အပင်တက်အား ကောင်းလာကြောင်း ပဲစင်းငုံစိုက်တောင်သူများက ရှင်းပြသည်။ ပဲစင်းငုံအပင်သက်တမ်းသည် ရှစ်လ၊ ခုနှစ်လကျော်ကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် တော်သလင်းလ၊ သီတင်းကျွတ်လတွင် ပွင့်ကြောင်း အပွင့်ပွင့်ချိန် မိုးသည်းရိုက် မိုးရွာသွန်းမှု များပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်ငုံရဖို့ သေချာကြောင်း သိရသည်။ ပဲစင်းငုံခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပိုတွဲလတို့တွင် ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်ငုံကိုင်းများ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်ငုံခါစင်(ပီပါ၊ အမာခုံ)ခံကာ ရိုက်ချပြီး အစေ့သပ်သပ်၊ ပဲရိုင်း၊ ပဲမှော်သပ်သပ် ခွဲခြားကာ ပဲစင်းငုံသိမ်းခြင်းပြီးကြောင်း သိရသည်။
ယခုနှစ်တွင် ညောင်ဦးမြို့နယ် တစ်မြို့နယ်လုံး ပဲစင်းငုံ (၁၁၃၅၆) ဧက စိုက်ပျိုးထားရှိကြောင်း ၊ပဲစင်ငုံစိုက်ခင်းများ ရှင်သန်ဖြစ်ထွန်းမှု ကောင်းမွန်နေကာ ပဲစင်းငုံပေါ်ချိန် ဈေးကောင်းရရန် ကျေးလက်တောင်သူများ မျှော်လင့်နေကြကာ မနှစ်ကပဲစင်းငုံ ပေါ်ခါစ တစ်တင်းလျှင် ၁၆၀၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။
ဒီပါလင်း