ကျောက်ဖြူမြို့၌ Mpox (မျောက်ကျောက်)ရောဂါ ကြိုတင်ကာကွယ်ရေး လေဆိပ်၌ ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ကျောက်ဖြူ စက်တင်ဘာ ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ Mpox(မျောက်ကျောက်) ရောဂါကူးစက်မှုများ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောက်ဖြူလေဆိပ်သို့ သွားရောက်ပြီး ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များ၊ ရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ လာရောက်ကြသည့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ရေး အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယင်းသို့ ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

အဆိုပါ Mpox(မျောက်ကျောက်)ရောဂါအဖြစ်သိရှိနိုင်မည့် သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများမှာ မျက်နှာ၊ ပါးစပ်၊ လက်၊ ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့် လိင်အင်္ဂါများတွင် အနီကွက်များ ဖြစ်ခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်း၊ ဖျားခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့၍ ကျန်းမာရေးစောင့်ရှောက်မှုများခံယူရမည်ဖြစ် ကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)