မန္တလေး စက်တင်ဘာ ၂
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၏ အမှတ်(၁၆) ရေတွန်းစက်ရုံ၊ ရေသန့်စင်စနစ် တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ ၁၆×၁၈လမ်းကြားရှိ အဆိုပါ ရေတွန်းစက်ရုံတည်ဆောက်မည့် မြေနေရာတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ဌာနမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝင်းမျိုးထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ မြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရေနှင့်သန့်ရှင်းမှုဌာန၊ ဌာနမှူး ဦးထွန်းဝင်း၊ စည်သာနန်းထက်ကုမ္ပဏီ၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းတန်တို့က မင်္ဂလာ အချိန်တွင် သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်ပေးကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများအား ရေတွန်းစက်ရုံ၊ ရေသန့်စင်စနစ် တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းပြသကြသည်။
အဆိုပါ ရေတွန်းစက်ရုံနှင့် ရေသန့်စင်စနစ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ဧရာဝတီမြစ်ရေကို စုပ်တင်သန့်စင်ကာ နေစဉ် ရေဂါလံ ၁.၅ သန်းကို ပြည်သူများအား ဖြန်ဝေသွားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)