မိတ္ထီလာ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိတ္ထီလာမြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အင်ဂျင်စွမ်းအားသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စက်ပစ်တောင်ကျေးရွာ ဦးပိုင်အမှတ် ၂၆၆၊ ကွင်းအမှတ် ၇၄၀ ရှိ တောင်သူ ဒေါ်အေးအေးမော်၏ စိုက်ဧက ၄ ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အင်ဂျင်စွမ်းအားသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်က အင်ဂျင်စွမ်းအားသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အင်ဂျင်ပါဝါသုံး ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်အသုံးပြု၍ ကောက်စိုက်ပျိုးရာတွင် စပါးစိုက်ခင်းညီညာရန်လိုအပ်ခြင်း၊ ပျိုးခင်းအတွက် နေရာအနည်းအငယ်သာ လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထား အနည်းအငယ်ဖြင့် စပါးအထွက်အနှုန်း ကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့် ကောက်ပင်အိတ်အနက် လိုအပ်သလိုချိန်ညှိ၍ စိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးနိုင်ခြင်း၊ ကောက်ပင်လှန်မြန်ခြင်းနှင့် ပင်ပွားများများရရှိခြင်း၊ တစ်ဧကကောက်ကွက် ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွား စိုက်ပျိုးနိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲလာသည်တို့တွင် အချိန်အခါမီစိုက်ပျိုးနိုင်ခြင်းနှင့် အင်ဂျင်ပါဝါသုံး ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်သားရှားပါးမှုအတွက် အဆင်ပြေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်နိုင်အေးက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း၌ မိုးစပါးစိုက်ပျိုးဧက ၁၃၀၆၁ ဧက သတ်မှတ်လျာထားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ဧက ၆၀၀ စိုက်ပျိုး သွားမည်ဖြစ်ပါကြောင်း၊ ၎င်းနိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ဧက ၆၀၀ တွင် စက်ပစ် တောင်ကျေးရွာတွင် စိုက်ဧက ၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးရာတွင်လည်း ဆင်းသုခမျိုးစပါးကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ယင်းစိုက်ဧကများတွင် အင်ဂျင်ပါဝါသုံးခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ ကောက်စိုက်ပျိုးခြင်းဖြင့် မိုးစပါးစိုက်တောင်သူများ အချိန်ကုန်သက်သာပြီး လုပ်သားရှားပါးမှုအတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ၎င်းသရုပ်ပွဲသို့ တက်ရောက်လာသော ဒေသခံတောင်သူများက သိလိုသည်များကို မေးမြန်းရာ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် သရုပ်ပြပွဲသို့ တက်ရောက်လာသော စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက အင်ဂျင်စွမ်းအားသုံး လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)