မိုးနဲ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ကွန်နားကျေးရွာအုပ်စု လွိုင်လင်းခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း ကျေးရွာတွင် ထင်းစိုက်ခင်းပျိုးထောင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးရွာထင်းစိုက်ပျိုခြင်းအခမ်းအနာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအာကာဖြိုးက ကျေးရွာထင်းပျိုးပင်များစိုက်ပျိုးပေးရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးစိုင်းအောင်သင်းက ပျိုးပင်များဖြန့်ဖြူးပေးနေမှုနှင့် သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးမည့် ပျိုးပင်များကိုပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက မယ်ဇလီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ စုစုပေါင်း ပျိုးပင် ၁၀၀ ကို တစ်ပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)