မိုင်းဖြတ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က နမ့်ယွန်းကျေးရွာတွင် စာကြည့်တိုက်အသစ်တည်ဆောက်၍ ပါလောင်းကျေးရွာတွင် စာကြည့်တိုက်ပြုပြင်မည့်အခြေအနေများနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က ရန်ပုံငွေရရှိမှုအခြေအနေများနှင့် စာကြည့်တိုက်များအသစ်တည်ဆောက်ရေး၊ ပြုပြင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် မြေနေရာရရှိရေးတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နမ့်ယွန်းကျေးရွာကို စိစစ်ရွေးချယ်ခဲ့ပြီး အလျား ၂၀ ပေ၊ အနံ ၁၅ ပေရှိ (RC)တစ်ထပ် အမျိုးအစားစာကြည့်တိုက်ကို ကျပ်သိန်း (၁၀၀)၊ ပရိဘောဂနှင့် စာအုပ်စာစောင်များအတွက် ကျပ်သိန်း (၅၀)ဖြင့်လည်းကောင်း၊ ပါလောင်းကျေးရွာတွင် စာကြည့်တိုက်ပြန်လည်ပြုပြင်ရေးအတွက် ကျပ်သိန်း (၅၀)ဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)