ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် နွေစပါးထိခိုက်ပျက်စီးမှုများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

အောင်မြေသာစံ စက်တင်ဘာ ၂

မန္တလေး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းက ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ဝန်စု၊ ရှမ်းတော၊ ကမ်းတဘက်၊ ဝက်ခဲ၊ စက်ထိပ်၊ ရွှေချောင်း၊ ညောင်ကုန်း စသည့် ကျေးရွာအုပ်စုများရှိ နွေစပါးစိုက်ဧက(၄၁၉)ဧက ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရာ မျိုးစပါးများပြန်လည်ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က မတ္တရာမြို့နယ်၊ လင်းမွေချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။

အခမ်းအနားသို့ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာ အောင်ဆွေ၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲသောင်း၊ ခရိုင်ဆည်မြောင်းဦးစီးမှူး ဦးမျိုးမင်းသန့်၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းသူအောင်၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဝင်းနိုင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြတ်သီတာ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်လင်းသိန်း၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးစောထွန်းနိုင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအသီးသီးမှ တောင်သူများ တက်ရောက်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက ရေကြီးနစ်မြုပ်ခဲ့သော နွေစပါး (၄၁၉)ဧကအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မျိုးစပါး၊ နေကြာမျိုးစေ့များအား ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ မျိုးစပါးများကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချသည့် ယူရီးယား ဓါတ်မြေဩဇာများအား တောင်သူများထံသို့ ရောင်းချပေးကြသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ထီးတော်မိုးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပစေရေးမှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)